Return to the talk Return to talk

Transcript

Select language

Translated by Myo Aung
Reviewed by sann tint

0:11 ကျွန်တော်က အော်တီးစ်မ် တနည်း အထီးကျန်စိတ်ဝေဒနာ ကလေးများနဲ့ အလုပ်လုပ်သူပါ။ အထူးသဖြင့် ကျွန်တော်ဟာ သူတို့အတွက် ဆက်သွယ်စကားပြောဖို့ကို ကူပေးမယ့် နည်းစနစ်တွေကို တီထွင်ပေးသူပါ။ အဲဒီလို အထီးကျန်ဝေဒနာကိုခံစားကြရတဲ့ ကလေးတွေ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေ အများကြီးအတွက် တူညီတဲ့ ဇစ်မြစ် အကြောင်းရင်း တခုက သူတို့ဟာ စိတ်ကူးသက်သက်ဆိုင်ရာ အမှတ်သင်္ကေတာဆိုင်ရာ သုံးနှုန်းမှုကို နားလည်ရန်ခက်ခဲခြင်းပါပဲ။ အဲဒါကြောင့် သူတို့ဆီမှာ ဘာသာစကားဆိုင်ရာ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရတယ် ဆိုတာကို နည်းနည်းလေး ရှင်းပြပါရစေ။ ဟောဒီမှာ ခင်ဗျားတို့ဟာ စွပ်ပြုတ် ပန်းကန်လုံးကို မြင်ရပါတယ်။ ကျွန်တော်တို့ အားလုံး အဲဒါကို မြင်နိုင်ကြတယ်။ ကျွန်တော်တို့ အားလုံး အဲဒါကို နားလည်ကြတယ်။ အခု ဒီမှာကျတော့ စွပ်ပြုတ်ရည်ရဲ့ နောက်ပုံ နှစ်ပုံ ရှိနေပါတယ်၊ ဒါပေမဲ့ အဲဒီပုံတွေဟာ ပိုပြီး စိတ်ကူးယဉ် ဆန်လာပါတယ်။ မယ်မယ်ရရ မမြင်ရတော့ပါဘူး။ ရှေ့ဆက်ပြီး ကျွန်တော်တို့က ဘာသာစကားကို သုံးလိုက်ကြတဲ့ အခါမှာ စကားလုံး တလုံး ဖြစ်လာတတ်ပါတယ် အဲဒါရဲ့ မြင်ရတဲ့ ပုံပန်း နဲ့ ကြားရတဲ့ အသံကျတော့၊ မူလဇစ်မြစ် အစနဲ့၊ ဒါမှမဟုတ် အဲဒါကို ကိုယ်စားပြုထားတဲ့ အရာ၊ စွပ်ပြုတ်ရည် ပန်းကန်လုံးနဲ့ တူတာ လုံးဝ မပါတော့ပါဘူး။ ဒီတော့ အဲဒါဟာ လုံးဝကို ဆက်စပ်ခြင်း မရှိတဲ့ စိတ်ကူးယဉ် အရာသက်သက်ပါ။ လက်တွေ့ ကမ္ဘာကြီးထဲမှာ ရှိနေတဲ့ အရာ တစ်ခုကို a completely arbitrary representation of something စိတ်ကူးယဉ်လို့သာ ရနိုင်တဲ့ ပုံစံနဲ့ တင်ပြမှု ဖြစ်နေပါတယ်၊ အထီးကျန်ဝေဒနာရှင် ကလေးတွေဆိုရင် အဲဒါမျိုးနဲ့ ကြုံရတဲ့ အခါမှာ အရမ်းကို ခေါင်းခဲကြရပါတယ်။ အဲဒါကြောင့်မို့လို့ အထီးကျန်ဝေဒနာရှင် ကလေးတွေနဲ့ အလုပ်လုပ်ကြရသူ အများစု၊ စကားပြောမှုကို ကုသပေးသူများ၊ ပညာပေးကြသူများတို့ဟာ၊ အဲဒီလို အထီးကျန်ဝေဒနာရှင် ကလေးတွေကို ကူညီရာမှာ စကားလုံးတွေကို သုံးပြီး ဆက်သွယ်မယ့်အစား၊ ပုံတွေကို သုံးကြပါတယ်။ ဒီတော့ အထီးကျန်ဝေဒနာရှင် ကလေးက " စွပ်ပြုတ်ရည် လိုချင်တယ် " လို့ ပြောချင်ရင်၊ အဲဒီကလေးဟာ "ကျွန်တော်၊" "လိုချင်တယ်၊" နဲ့ "စွပ်ပြုတ်ရည်၊" ဆိုတဲ့ ပုံသုံးပုံကို ကောက်ယူလိုက်ကာ အတူတူ ချထားလိုက်ကြမယ် ဆိုရင်၊ ကုသရေးကျွမ်းကျငိသူ ဒါမှမဟုတ် မိဘတွေက ကလေးလိုချင်တာ ဒါပဲ ဆိုတာကို သိလာကြပါမယ်။ အဲဒီ နည်းလမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်းမှာ ထိရောက်မှု ရှိခဲ့ပါတယ်၊ လူတွေဟာ အဲဒီလိုပဲ လုပ်ကိုင်လာခဲ့ကြပါတယ်။ တကယ်တော့၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက iPad အတွက်ကျွန်တော်ဟာ ပရိုဂရမ်တစ်ခုကို တီထွင်ခဲ့ရာ အဲဒီအတိုင်းကိုပဲ လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒါကို Avaz (အာဝါဇ်) လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီထဲမှာလည်း ကလေးဟာ ပုံတွေ အမျိုမျိုးကို ရွေးပေးရပါတယ်။ အဲဒီ ပုံတွေကို ဝါကျဖွဲ့စည်းနိုင်ဖို့အတွက် အတူတူ စီပေးဖွှို လိုပါတယ်၊ အဲဒီနောက်မှာ အဲဒီဝါကျကို အသံထွက်ပေးလိုက်ပါတယ်။ အဲဒီလိုနည်းဖြင့် Avaz စက်ဟာ လက်တွေ့တွင်ကျတော့ ပုံတွေကို စကားအဖြစ် ပြောင်းလဲပေးပါတယ်၊ စကားပြန်နဲ့ တူပါတယ်။ အဲဒါဟာလည်း အတော့်ကို အကျိုးဖြစ်ပါတယ်။ အခုဆိုရင် အဲဒီစက်တွေကို သုံးနေတဲ့ ကလေးတွေဟာ ထောင်ပေါင်းများစွာ ရှိပါတယ်၊ တစ်ကမ္ဘာလုံးမှာ ဆိုရင်ပေါ့၊ အဲဒါနဲ့ ကျွန်တော် စဉ်းစားလာမိတာက အဲဒီ စက်လုပ်နိုင်တာကဘာလဲ၊ လုပ်မပေးနိုင်တာက ဘာလဲဆိုတာပေါ့။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချို့ကို တွေ့လာရပါတယ်၊ Avaz အထီးကျန်ဝေဒနာရှင် ကလေးတွေကို စကားလုံးတွေကို သင်ပေးနိုင်တယ်၊ ဒါပေမဲ့ စကားလုံးတွေရဲ့ ပုံစံတွေကိုတော့ သင်မပေးနိုင်ဘူး ဆိုတာကို သတိထားမိတယ်။ အဲဒါကို နည်းနည်းလေး အသေးစိတ် ရှင်းပြပါရစေ။ "ကျွန်တော် ဒီနေ့ည စွပ်ပြုတ်ရည် လိုချင်တယ်။" ဆိုတဲ့ ဝါကျကို ယူကြည့်ပါမယ်။ အဲဒီစကားလုံးတွေ ဆိုလိုရင်းကို ဖေါ်ပြနေကြရုံ သက်သက်မဟုတ်တော့ဘူး။ အဲဒီမှာ စကားလုံးတွေကို စီစဉ်ဖွဲ့စည်းမှု ဆိုတာလည်း ပါလာပါတယ်။ အဲဒီ စကားလုံးတွေကို ပြင်ဆင်ထားကာ စီစဉ်ထားပုံ ဆိုတာ ပါလာပါတယ်။ ဒါကြောင့်မို့လို့၊ "ကျွန်တော် ဒီနေ့ည စွပ်ပြုတ်ရည် လိုချင်တယ်။" ဆိုတဲ့ ဝါကျဟာ " စွပ်ပြုတ်ရည်လိုချင်တယ် ကျွန်တော် ဒီနေ့ည။" ဆိုတဲ့ ဝါကျနဲ့ မတူပါဘူး။ ဘာကိုဆိုလိုမှန်း လုံးဝ မရှင်းပါဘူး။ ဒီတော့ အဲဒီထဲမယ် ဝှက်ထားတဲ့ နောက် စိတ်ကူးယဉ်ချက် ရှိပါတယ်၊ အဲဒါမျိုးကို အထီးကျန်ဝေဒနာရှင် ကလေးတွေဟာ နားလည်ဖို့ ကြိုးစားရာမှာ သိပ်ကို ခဲယဉ်းလှပါတယ်၊ ကျွန်တော်တို့ဟာ စကားလုံးတွေကို မွမ်းမံပြင်ပေးခြင်းဖြင့်၊ စီစဉ်ထားပေးခြင်းဖြင့်၊ အဓိပ္ပါယ် အမျိုးမျိုး အတွေးအခေါ် အမျိုးမျိုးကို ဖေါ်ပြနြိုင်ကြတယ်ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ အဲဒါကို သဒ္ဒါလို ခေါ်ကြပါတယ်။ အဲဒီ သဒ္ဒါဟာ အရမ်းကို ထက်မြက်ပါတယ်၊ ဘာသာစကားရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ သဒ္ဒါရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ အားလုံးဆီမှာ ရှိနေတဲ့ ဝေါဟာရတွေကို ယူပြီး ရေတွက် မရနိုင်တဲ့ အချက်အလက်တွေကို ဖြစ်စေ၊ ရေတွက် မရနိုင်တဲ့ အတွေးအခေါ်တွေကို ဖြစ်စေ ထုတ်ဖေါ် တင်ပြနိုင်ကြပါတယ်။၊ အဲဒီလို စကားလုံးတွေကို ယူပြီး စီကုံးပေးလိုက်ခြင်းဖြင့် ဘာမဆိုကို ကျွန်တော်တို့ ထုတ်ဖေါ် တင်ပြလို့ ရနိုင်ပါတယ်။ ခုနက ကျွန်တော်ရဲ့ Avaz တီထွင်လိုက်တဲ့ နောက်မှာ၊ အထီးကျန်ဝေဒနာရှင် ကလေးတွေကို ဘယ်လိုနည်းနဲ့ သဒ္ဒါကို ထည့်သွင်းပေးရလဲ ဆိုတာကို ကျွန်တော် အတော်ကြာ ဦးနှောက်ခြောက်နေခဲ့ပါတယ်။ အဖြေကို စိတ်ဝင်စားစရာ ကောင်းတဲ့ ရှုဒေါင့်မှ ရလာခဲ့ပါတယ်။ ကျွန်တော်ဟာ အထီးကျန်ဝေဒနာရှင် ကလေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စကားပြောနေတုန်း ဖြစ်ပျက်ခဲ့တာက ဒီလို ပါ။ လုံးဝကို မျှော်လင့်မရဘဲ၊ ရုတ်ခနဲဆိုသလို ကလေးဟာ ထလိုက်ကာ "စားမယ်။" လို့ ပြောလိုက်တယ်။ အဲဒီထဲမှာ စိတ်င်စားစရာ ကောင်းခဲ့တာက ကလေး အနေနဲ့ ပြောချင်တဲ့ အဓိပ္ပါယ်မျိုးကို ကလေးဆီကနေပြီး ရဖို့အတွက် အမေကနေပြီး ကလေးကို ဆွကစားနေပုံပါပဲ မေးခွန်းတွေကို တစ်ခုပြီး တစ်ခု မေးနေခဲ့ပါတယ်။ ဒါနဲ့ သူမက "စားမယ် ဘာကိုလဲ။ နင် စားချင်တာ ရေခဲမုန့်လား။ စားချင်တာ နင်လား။ နောက် တစ်ယောက်ယောက်က စားမှာလား။ နင် ရေခဲမုန့်ကို အခု စားမှာလား။ ရေခဲမုန့်ကို ညနေမှာ စားချင်တာလား။" အဲဒီကျမှ ကျွန်တော် ဒေါက်ကနဲ တစ်ခုခုကို နားလည်မိတယ်၊ အဲဒီ မိခင် လုပ်ပြလိုက်တာဟာ သိပ်ကို အံ့သြစရာကြီးပါပဲ။ သူမဟာ သဒ္ဒါမပါနဲ့ပဲ ကလေးမလေးကို သူမရဲ့ အတွေးအခေါ်ကို ဖေါ်ပြပေးနိုင်ခဲ့တယ်။ ကျွန်တော် ရှာကြံနေခဲ့တာက အဲဒါများလား ဆိုပြီး ကျွန်တော် စဉ်းစားစရာ ဖြစ်လာတယ်ပေါ့။ စကားလုံးတွေကို ရှေ့ဆင့်နောက်ဆက် စီပေးမယ့် အစား၊ ဝါကျ တစ်ခုအဖြစ်၊ ကျွန်တော်တို့ဟာ စကားလုံးတွေကို သူ့ဇယားအတိုင်း၊ တစ်လုံးနဲ့တစ်လုံး ချိတ်ကဆက်ပေးပြီး၊ တစ်လုံးပြီး တစ်လုံး ချရေးတာမျိုး မဟုတ်ဘဲ၊ မေးခွန်းတွေဖြင့်၊ မေးလိုက်-ဖြေလိုက် အတွဲပုံစံမျိုးနဲ့ လုပ်နိုင်ခဲ့တာပါ။ အဲဒီလိုသာဆိုရင်၊ အဲဒီလို ဖေါ်ပြအသိပေးမှုဟာ အင်္ဂလိပ်ဝါကျ မဟုတ်တော့ပါဘူး၊ တကယ် တဆင့်ပါးပေးနေတာက တကယ်တမ်းမှာတော့ အဓိပ္ပါယ် ဖြစ်ပါတယ်၊ အင်္ဂလိပ်ဝါကျရဲ့အဓိပ္ပါယ် ဖြစ်နေခဲ့တာပါ။ တဖန် အဲဒီ ဘာသာစကားရဲ့ အဓိပ္ပါယ် ကိုယ်နှိုက်ကျပြန်တော့ တကယ့် အားနည်းချက် ဖြစိနေပါတယ်။ အဲဒါဟာ စဉ်းစားနားလည်မှုရဲ့ နောက်မှာ၊ ဘာသာစကား မတိုင်မီမှာ၊ ပေါ်လာတတ်ပါတယ်။ ပြောလိုတဲ့ အယူအဆက ခုနက မြင်လိုက်ကြရတဲ့ဟာက အဓိပ္ပါယ်ရဲ့ ကုန်ကြမ်းပုံစံမျိုးကို ဖေါ်ပြပေးနိုင်ခဲ့ပုံရပါတယ်။ အဲဒါနဲ့ ကျွန်တော်ဟာ အရမ်းကို စိတ်တက်ကြွနေခဲ့လို့၊ ဘယ်သွားသွား အငြိမ်မနေနိုင် ခုန်ဆွခုန်ဆွနဲ့ ကြားရသမျှ ဝါကျတွေကို ကျွန်တော်ဟာ အဲဒီလို ပုံစံပြောင်းပေးလို့များ ရမလားဆိုတာကို စဉ်းစားနေခဲ့တာပါ။ ဒါပေမဲ့ အဲဒါလောက်နဲ့ မရနိုင်တာကို ကျွန်တော် တွေ့လာပါတယ်။ ဘာဖြစ်လို့ အဲဒါ မလုံလောက်တာလဲ။ အဲဒါ မလုံလောက်ရခြင်းက၊ ကျွန်တော်တို့က တစ်ခုခုကို ငြင်းဆိုချင်ကြရင် လုပ်မရနိုင်လို့ပါ၊ "ကျွန်တော် စွပ်ပြုပ်ရည် မလိုချင်ဘူး၊" လို့ ပြောချင်တယ် ဆိုပါစို့၊ အဲဒါကို မေးခွန်းမေးနေခြင်းဖြင့် လုပ်မရနိုင်ပါ။ ခုနက "လိုချင်တယ်" ဆိုတဲ့ စကားလုံးကို ပြောင်းမှသာ လုပ်ရနိင်တယ်။ နောက်တစ်ခု ရှိသေးတာက၊ ခင်ဗျားက "ကျွန်တော် မနေ့က စွပ်ပြုပ်ရည် လိုချင်ခဲ့တယ်၊" လို့ ပြောချင်ခဲ့တယ် ဆိုရင်၊ ခင်ဗျားဟာ ခုနက "လိုချင်တယ်" စကားလုံးကို "လိုချင်ခဲ့တယ်" ဆိုပြီး ပြောင်းလဲပေးခြင်းဖြင့် လုပ်ခဲ့ရတယ်ပေါ့။ အတိတ်ကာလနဲ့ သက်ဆိုင်လို့ပါ။ ဒီတော့ ကျွန်တော်ရဲ့ စနစ် ပြည့်စုံလာဖို့အတွက် အဲဒီလို ဖြည့်စွက်ချက်ကို ထည့်ပေးခဲ့ရပါတယ်။ ဒါကတော့ အတူတူ ချိတ်ဆက်လျက် ရှိနေကြတဲ့ စကားလုံးများရဲ့ ဇယားပုံပါ မေး-ဖြေ ပုံစံမျိုးနဲ့ပါ ပြီးတော့ အဲဒါတွေရဲ့ ထိပ်မှာ စစ်ထုတ်ရေး ကိရိယာ ရှိပါတယ် စကားလုံးတွေကို စီစဉ်လျက် လိုချင်တဲ့ အနှစ်သာရ အဓိပ္ပါယ်မျိုးကို ဖေါ်ထုတ် တင်ပြနိုင်ဖို့ အတွက်ပေါ့လေ။ ဒါကို နောက် ဥပမာ တစ်ခုနဲ့ ပြပေးပါရစေ။ ဒီလိုဝါကျကို ယူကြည့်ကြပါစို့၊ "လက်သမားဆရာကို သူ့အား ကျွန်တော် ငွေမပေးနိုင်ဟု ကျွန်တော် ပြောကြားခဲ့တယ်။" အဲဒါဟာ တကယ့်ကို အတော့်ကလေးကို ရှုပ်ထွေး ခက်ခဲတဲ့ ဝါကျပါပဲ။ ကျွန်တော် ပြောတဲ့ စနစ် အလုပ်လုပ်ပုံ အရဆိုရင်၊ ခင်ဗျားတို့ဟာ ဝါကျရဲ့ ဘယ်အပိုင်းကိုမဆို ယူပြီး စတင်နိုင်ပါတယ်။ ကျွန်တော်ကတော့ "ပြောကြား" ဆိုတဲ့ စကားလုံးနဲ့ စပါမယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ စကားလုံးက "ပြောကြား" ပဲပေါ့။ ဒါပေမဲ့ အဲဒါဟာ အတိတ်ကာလထဲမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတော့ ကျွန်တော်ဟာ အဲဒါကို "ပြောကြားခဲ့" ဆိုပြီး ပြောင်းလိုက်ရတယ်။ အခုတော့၊ ကျွန်တော်ဟာ ရှေ့ဆက်ပြီး မေးခွန်းတွေကို မေးပါတော့မယ်။ အဲဒီတော့၊ ပြောကြားခဲ့သူက ဘယ်သူလဲ။ ကျွန်တော် ပြောကြားခဲ့တယ်။ ကျွန်တော် ပြောကြားခဲ့တာက ဘယ်သူကိုလဲ။ ကျွန်တော် လက်သမားဆရာအား ပြောကြားခဲ့တယ်။ ဆက်ပြီး ကျွန်တော်တို့ဟာ ဝါကျရဲ့ တခြားအပိုင်းကို ယူပြီး စကြည့်ူကြပါမယ်။ ကျွန်တော်တို့ "ငွေပေး" ဖြင့် စပါမယ်၊ အဲဒီနောက်မှာ လုပ်နိုင်စွမ်း စစ်ထုတ်ကိရိယာကို ထည့်ပေးလိုက်လို့ "ငွေပေးနိုင်" ဆိုပြီး လုပ်နိုင်တယ်။ အဲဒီနောက်မှာ "ငွေမပေးနိုင်" ဆိုပြီး လုပ်နိုင်တယ်၊ ပြီးတော့ "ငွေပေးနိုင်ခဲ့" ဆိုပြီးတော့လည်း လုပ်နိုင်ပါတယ်၊ အတိတ်ကာလပြ ကြိယာကို သုံးလိုက်ပါတယ်။ ဒီတော့ ငွေမပေးနိုင်ခဲ့တာက ဘယ်သူလဲ။ ကျွန်တော် ငွေမပေးနိုင်ခဲ့တာပါ။ မပေးနိုင်ခဲ့တာ ဘယ်သူကိုလဲ။ ကျွန်တော် လက်သမားဆရာအား မပေးနိုင်ခဲ့တာပါ။ အဲဒီနောက်မှာ ကျွန်တော်တို့ဟာ ဒီနှစ်ခုကို ချိတ်တွဲ လိုက်ကြပါမယ်။ ဒီလို မေးခွန်းကို မေးပြီး လုပ်ကြပါမယ်၊ ကျွန်တော်က လက်သမားဆရာကို ပြောကြားခဲ့တာက ဘာလဲ။ ကျွန်တော်က လက်သမားဆရာကို ကျွန်တော် ငွေမပေးနိုင်ခဲ့တာကို ပြောတယ်။ အခု ဒီအကြောင်းကို စဉ်းစားကြည့်ကြပါ။ အဲဒါက... —(လက်ခုပ်တီး သြဘာပေးသံများ)— အဲဒါက အဲဒီဝါကျကို ဘာသာစကား မသုံးဘဲနဲ့ ဖေါ်ပြထားပုံပါပဲ။ ဒါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတာ နှစ်ခု၊သုံးခုလောက် ရှိပါတယ်။ ပမထဦးဆုံးအနေနဲ့ ကျွန်တော်ဟာ ကြိုက်တဲ့ နေရာကနေပြီး စတင်လို့ ရပါတယ်။ "ပြောကြား" ဆိုတဲ့ စကားလုံးနဲ့မှ စတင်ရန်မလိုပါ၊ ဝါကျထဲက ဘယ်နေရာမှမဆို စလို့ ရပါတယ်၊ ကျွန်တော်ဟာ ဒါကြီး တစ်ခုလုံးကိုလဲ စမ်းလုပ်လို့ ရနိုင်ခဲ့တယ်ပေါ့။ ဒုတိယ အချက်အနေနဲ့၊ ကျွန်တော်ဟာ အင်္ဂလိပ်လို ပြောနေသူ မဟုတ်ခဲ့ရင်လည်း၊ ကျွန်တော်က ဒီပြင် ဘာသာစကား တစ်ခုခုနဲ့ ပြောသူ ဖြစ်တယ်ဆိုရင်တောင်၊ ဒီဇယားပုံဟာ ဘယ်ဘာသာစကား အတွက်မဆို မှန်နေတာကို တွေ့ရပါမယ်။ မေးခွန်းတွေကိုသာ ပုံမှန်စနစ်မျိုးဖြင့် ချပြပေးနိုင်ပြီဆိုရင်၊ ဒီဇယားပုံဟာ လက်တွေ့မှာတော့ ဘာသာစကားနဲ့ ဆက်စပ်မှုမရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်က ဒါကို FreeSpeech (စကားလွတ်)လို့ အမည်းပေးထားပါတယ်၊ ဒါနဲ့ ကျွန်တော်ဟာ ဒါကို ကစားကြည့်လာခဲ့တာ လတော်တော်များများ ကြာသွားခဲ့ပါတယ်။ ကျွန်တော်ဟာ အဲဒါကို ပုံစံမျိုးစုံဖြင့် ချိတ်ဆက်ပေါင်းစပ်ကြည့်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဲဒါနဲ့ FreeSpeech နဲ့ ပတ်သက်ပြီး သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် တချို့ကို သတိထားမိပါတယ်။ ကျွန်တော်ဟာ ဘာသာစကားကို ပြောင်းလဲပေးဖို့၊ အင်္ဂလိပ်ဝါကျတွေကို FreeSpeech (လွတ်လပ်သော စကား) ဝါကျတွေအဖြစ် ပြောင်းလဲပေးနေခဲ့ပါတယ်၊ ပြီးတော့ ပြောင်းပြန် ပြောင်းလဲဖို့၊ ရှေ့ကို နောက်ကို စမ်းကြည့်နေခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော် ဘာကို နားလည်လာမိသလဲဆိုတော့၊ အခု ပြောနေကြတဲ့ ဖွဲ့စည်းပုံ စနစ်ကလေးဟာ၊ ဘာသာစကားကို တင်ပြရေး အခုပြောနေတဲ့ နည်းလမ်းဟာ၊ တစ်ဖက်မှ ပြောရရင်၊ လက်ရှိ FreeSpeech အတွက်ရော၊ နောက်တစ်ဖက်မှ ပြောရရင်၊ အင်္ဂလိပ် ဘာသာအတွက်ပါ၊ အတော့်ကို ကျစ်လစ်တဲ့ စည်းကမ်းချက်တွေကို ချမှတ်ပြုစု လာစေနိုင်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်ဟာ ဒီလက်ရှိ တင်ဆက်မှုမှနေပြီး အင်္ဂလိပ် ဘာသာဆီကို ဘာသာပြန်ပေးကြမယ့် စည်းချက်တစ်စုံကို ရေးပေးနိုင်ပါတယ်။ အဲဒါနဲ့ ကျွန်တော်ဟာ ဒီအရာကို ပြုစုတီထွင်ခဲ့ပါတယ်။ FreeSpeech Engine ဆိုပြီး ကျွန်တော်အမည်ပေးထားတဲ့ အရာကို ပြုစု တီထွင်လိုက်ပါတယ်၊ FreeSpeech ဘယ်ဝါကျကိုမဆို အ၀င်နေရာမှာ ထည့်ပေးလိုက်ရင် လက်တွေ့တွင် သဒ္ဒါနည်းလမ်းကျ မှန်ကန်တဲ့ အင်္ဂလိပ် စာသားကို ရနိုင်ပါတယ်။ ပြီးတော့် ဒီအပိုင်းနှစ်ပိုင်းကို အတူတူ ချိတ်သုံးရင်၊ ကိုယ်စားပြုခြင်း နှင့် အင်ဂျင်ကို ပေါင်းလိုက်ပြီး၊ ကျွန်တော်ဟာ အထီးကျန်စိတ်ဝေဒနာ ကလေးတွေအတွက် နည်းပညာ တစ်ခုကို၊ ပရိုဂရမ် တစ်ခုကို တီထွင်နိုင်ခဲ့ရာ၊ သူတို့အတွက် စကားလုံးများကိုသာမက၊ သဒ္ဒါကိုပါ ပေးလာနိုင်ပါတယ်။ အဲဒီနောက်မှာ ကျနော်ဟာ အဲဒါကို အထီးကျန်စိတ်ဝေဒနာ ကလေးတွေနဲ့ စမ်းကြည့်တော့ သူတို့ဟာ အံ့သြဖွသိရှိလာကြတာ မျာပြားလှတဲ့ အချက်တွေကို သိရှိလာကြတာ တွေ့မြင်လာရပါတယ်။ သူတို့ဟာ FreeSpeech ထဲမှာ ဝါကျတွေကို တည်ဆောက်နိုင်လာကြတယ်၊ အင်္ဂလိပ်လို ဝါကျများနဲ့စါပါက ပိုပြီး ရှုပ်ထွေးတဲ့ ဝါကျများ၊ တချိန်တည်းမှာ ပိုပြီး ထိရောက်တဲ့ ဝါကျများ ဖြစ်ကြပါတယ်။ ဒါနဲ့ ကျွန်တော်ဟာ စဉ်းစားလာရတာ အဲဒီလို ဘာကြောင့် ဖြစ်လာရတာလဲပေါ့။ ကျွန်တော့်ဆီမှာ ယူဆချက် တစ်ခု ရှိပါတယ်၊ အဲဒီအယူအဆ အကြောင်းးကို ရှေ့ဆက်ပြီး ခင်ဗျားတို့ကို ပြောပြချင်ပါတယ်။ ၁၉၉၇ ခုနှစ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဦးနှောက်ဟာ ဘာသာစကားကို ဘယ်လိုများ စီမံလုပ်ကိုင်တာလဲ ဆိုတာကို နားလည်ဖို့ အားထုတ်ခဲ့ကြတဲ့ သိပ္ပံပညာရှင် တစ်စု ရှိခဲ့ကြပါတယ် သူတို့ တွေ့တဲ့ဟာက စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ခင်ဗျားဟာ ဘာသာစကားကို ကလေး တစ်ယောက်အနေနဲ့၊ နှစ်နှစ် အရွယ် ကလေးဘဝမှာ လေ့လာတဲ့ အခါမှာ၊ ခင်ဗျားဟာ ဘာသာစကားကို ဦးနှောက်ထဲက သိထားရတဲ့ အပိုင်းတစ်ခုဖြင့် သင်ယူခြင်း ဖြစ်ပြီးတော့၊ ဘာသာစကားကို လူကြီးအနေနဲ့ သင်ယူတဲ့ အခါမှာကျတော့၊ - ဥပမာ ကျွန်တော်က အခုကို ဂျပန်ဘာသာကို လေ့လာဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်၊ လုံးဝကို မတူတဲ့ ဦးနှောက်ရဲ့ အပိုင်းကို သုံးဖြစ်ပါတယ်။ အဲဒီလို ဘာကြောင့် ဖြစ်ရတာကို ကျွန်မသိပေမဲ့၊ ကျွန်တော် ခန့်မှန်းမိတာက၊ လူကြီး တစ်ယောက် အနေနဲ့ ဘာသာစကား တစ်ခုကို သင်ယူတဲ့ အခါမှာ၊ ခင်ဗျားဟာ ခင်ဗျားရဲ့ မိခင်ဘာသာစကားမှ တဆင့် ဒါမှမဟုတ် ကိုယ်တတ်ထားတဲ့ ပထမဦးဆုံး ဘာသာစကားမှ တဆင့်သာ သင်ယူတာမို့လို့ပါ။ ဒီတော့ FreeSpeech ကျတော့ စိတ်ဝင်စားစရာ ကောင်းနေတာက၊ ခင်ဗျားဟာ ဝါကျ တစ်ခုကို ရေးဖွဲတဲ့ အခါမှာ၊ တနည်း ဘာသာစကားကို ဖန်တီးတဲ့ အခါမှာ၊ အထီးကျန်စိတ်ဝေဒနာ ကလေး တစ်ယောက်ဟာ FreeSpeech နဲ့ ဘာသာစကားကို ဖန်တီးယူရာတွင် သူတို့ဟာ ထောက်ကူပေးတဲ့ ဘာသာစကားကို မသုံးကြခြင်းပါပဲ၊ သူတို့ဟာ ပေါင်းကူးပေးတဲ့ ဘာသာစကားကို အသုံးမပြုကြပါ။ သူတို့ဟာ ဝါကျများကို တိုက်ရိုက် တည်ဆောက်ကြပါတယ်။ အဲဒါနဲ့ ကျွန်တော် ရလာတဲ့ စိတ်ကူးးရှိပါတယ်။ FreeSpeech ကို အထီးကျန်စိတ်ဝေဒနာ ကလေးများ အတွက်မဟုတ်ဘဲ ဘယ်လိုမှ မသန်စွမ်းမှု ပြဿနာ မရှိကြတဲ့ သူတွေအတွက် ဘာသာစကား သင်ယူရေးအတွက်ကော သုံးမရနိုင်ဘူးလားပေါ့။ အဲဒါနဲ့ ကျွန်တော်ဟာ စမ်းသပ်မှု တသီကြီးကို ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံး အနေနဲ့ ကျွန်တော်ဟာ ပဟေဠိ တခုကို တည်ဆောက်လိုက်ပါတယ်၊ ဒီလို မေးခွန်းများ နဲ့ အဖြေတွေကို ကုဒ်အဖြစ် ပုံသဏ္ဍန်များရဲ့ ပုံစံများအနေနဲ့၊ အရောင်များအဖြစ်နဲ့ ထည့်ပေးခဲ့ကြပါတယ် အဲဒါတွေကို အတူတကွ ထည့်သွင်းပေးထားပြီး အဲဒါ ဘယ်လိုများ အလုပ်လုပ်နေတာလဲ ဆိုတာကို နားလည်ဖို့ ကြိုးစားကြတဲ့ သူတွေ ရှိကြပါတယ်။ အဲဒီလို ရလဒ်များကို အခြေခံပြီး ကျွန်တော်ဟာ ပရိုဂရမ် တစ်ခုကို ထုတ်လုပ်လိုက်ရာ၊ ကလေးတွေဟာ စကားလုံးများဖြင့် ကစားနိုင်ကြကာ၊ သူတို့ကို အားပေးကူညီမယ့် အချက်ကို၊ မျက်စိနဲ့ မြင်ရတာကို အသံဖြင့် အားဖြည့်ပေးချက်ကို ထည့်ပေးထားလို့ သူတို့ဟာ ဘာသာစကားကို သင်ယူလာကြပါတယ်။ အဲဒီ အရာဟာ သိပ်ကို အလားအလာ ကောင်းလှပြီး၊ အများကြီး မျှော်လင့်လို့ ရနိုင်ပါတယ်၊ အဲဒါနဲ့ အိန္ဒိယအစိုးရဟာ မကြာခင်တုန်းကပဲ ကျွန်တော်တို့ဆီက နည်းပညာကို လိုင်စင် ထုတ်ပေးလိုက်ကာ၊ ကလေး အမျိုးမျိုး သန်းပေါင်းများစွာ တို့အကြားမှာ စမ်းသပ်ဖို့ ရှိနေပါတယ် သူတို့ကို အင်္ဂလိပ် ဘာသာကို သင်ကြားရာတွင် စမ်းကြဖို့ ရှိပါတယ်။ စိတ်ကူးချင်တာက၊ မျှော်လင့်မိတာ လက်တွေ့ မြင်တွေ့ချင်တာက၊ ဒီလိုနည်းဖြင့် သူတို့က အင်္ဂလိပ်စကားကို သင်ယူကြမယ်ဆိုရင်၊ သူတို့ရဲ့ မိခင်ဘာသာစကားကို ကျွမ်းကျင်သလိုပဲ ကျွမ်းကျင်စွာ တတ်လာကြမယ်ဆိုတာပါပဲ။ ကောင်းပါပြီဗျာ၊ အခြား အကြောင်း အချို့ကို ပြောကြရအောင်။ စကားပြောဆိုမှု အကြောင်းဆိုပါစို့။ ဒါက စကားပြောဆိုမှုပါပဲ။ ဒီတော့ စကားပြောဆိုမှုဟာ ကျွန်တော်တို့ အကြားမှာ ဆက်သွယ်ဖို့ ကျွန်တော်တို့ အားလုံး ကျင့်သုံးကြတဲ့ အဓိက အကျဆုံး နည်းပါပဲ။ စကားပြောဆိုမှုထဲမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က၊ စကားပြောဆိုမှုဆိုတာ အတိုင်းအတာ တစ်ခုမျှသာ ရှိပါတယ်။ အတိုင်းအတာ တစ်ခုလို့ ဘာဖြစ်လို့ ပြောရတာလဲ။ အသံမို့လို့ အတိုင်းအတာ တစ်ခုတည်း ရှိတာပါ။ ကျွန်ုပ်တို့ရဲ့ ပါးစပ်ကိုယ်နှိုက်ကို တည်ဆောက်ထားပုံကိုက အဲဒီလိုမို့လို့ပါ။ ကျွန်ုပ်တို့ရဲ့ ပါးစပ်များကို အတိုင်းအတာ တစ်ခုသာရှိတဲ့ အသံကိုထုတ်လုပ်ဖို့ တည်ဆောက်ထားတာပါ။ ဒါပေမဲ့၊ ကျွန်ုပ်တို့ရဲ့ ဦးနှောက် အကြောင်းကို စဉ်းစားကြည့်မယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ခေါင်းထဲက အတွေးတွေဟာဖြင့် အတိုင်းအတာ တစ်ခုတည်း မဟုတ်ကြတော့ပါ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်များဟာ ကြွယ်ဝလှပါတယ်၊ cရှုပ်ထွေးကြပါတယ်၊ အမျိုးမျိုး တိုင်းလို့ ရနိုင်ပါတယ်။ ကျွန်တော် ထင်မိတာကတော့ ဘာသာစကား ဆိုတာဟာ တကယ့်ကို ဦးနှောက်ရဲ့ တီထွင်မှုပါပဲ၊ တစ်ဖက်မှ ကျတော့ ဒီလို ကြွယ်ဝလှပြီး အတိုင်းအတာ အမျိုးမျိုး ရှိနိုင်တဲ့ အတွေးတွေကို ပြောင်းလဲပေးဖို့အတွက် ဖြစ်သလို နောက်တစ်ဖက်မှ ကျတော့ အဲဒါကို ဘာသာစကား အဖြစ် ပြောင်းလဲပေးဖို့ အတွက်ပါပဲ။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက ကျွန်တော်တို့ဟာ ဒီခေတ်ထဲမှာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေကြတာတွေ အများကြီးပါပဲ။ ပြီးတော့ အဲဒါတွေ အားလုံးနီးပါးကို ဘာသာစကား မျက်နှာစာ ပြုလုပ်ခဲ့ကြပါတယ်။ အကောင်းဆုံး ဥပမာအဖြစ် Google ကို ယူကြည့်နိုင်ပါတယ်။ Google ဟာ ရေတွက် မရနိုင်တဲ့ ဝက်ဘ်ဆိုက် ဘီလီယံချီတို့ကို လှန်လှော ရှာပေးပါတယ်။ အဲဒါတွေ အားလုံးက အင်္ဂလိပ်လို ဖြစ်နေကြပါတယ်၊ ဒီတော့ ခင်ဗျားတို့က Google ကို သုံးချင်ရင် Google ရှာဖွေရေး စက်ထဲကို အင်္ဂလိပ်လို တိုက်ရိုက်ရပါတယ် အဲဒါနဲ့ Google ဟာ အင်္ဂလိပ်ကို အင်္ဂလိပ်နဲ့ တိုက်ကြည့်လျက် ရှာပါတယ်။ ကောင်းပြီ၊ အဲဒါကိုပဲ ကျွန်တော်တို့က အဲဒီ အစား FreeSpeech နဲ့ လုပ်ကြည့်မယ် ဆိုရင်ကော။ ကျွန်တော်တို့က အဲဒီလို လုပ်ကြည့်ခဲ့မယ်ဆိုရင် ရှာဖွေရေးအတွက် တစ်ခုခုကို ရယူဖို့စတဲ့ အရာအတွက် အသုံးပြုရမယ့် အယ်လဂိုရီသမ်ဟာ ပိုပြီးတော့ကို လွယ်ရှင်းတာကို တစ်ချိန်တည်းမှာပဲ ပိုပြီး ထိရောက်မှုရှိတာကို တွေ့လာဖို့ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဘာသာစကား ဖွဲ့စည်းမှုဆိုင်ရာ အချက်အလက်တွေကို စစ်ကြည့်ဖို့ မလိုလို့ ပဲပေါ့။ အဲဒါအစား အဲဒီမှာ စစ်ဆေးတွက်ချက်တာက အတွေးအခေါ်များရဲ့ ဖွဲ့စည်းမှုကိုပါ။ အတွေးရဲ့ အချက်အလက်ဖွဲ့စည်းမှုကိုပါ။ အဲဒါဟာ ကျွန်တော့ကိုနှိုးဆွပေးတဲ့ ယူဆချက်ပါ။ အခုတော့ ကျွန်တော် အဲဒါကို နည်းနည်းလေး ပိုပြီး အသေးစိတ် ကြည့်ကြရအောင်။ ဒီတော့ ဒါက FreeSpeech ဆိုတဲ့ ပတ်ဝန်းကျင်စနစ်ပါ။ ကျွန်တော်တို့ဟာ တစ်ဖက်မှာ Free Speech ထဲက တင်ဆက်ထားပုံ ရှိနေပါတယ် ပြီးတော့ နောက်တစ်ဖက်မှာကျတော့ အင်္ဂလိပ်လို ထုတ်လုပ်ပေးတဲ့ FreeSpeech Engine ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ ဆန်းစစ် စဉ်းစားကြည့်ရင် FreeSpeech ဟာကျွနတော်ပြောခဲ့သလို ဘာသာစကားမှ လွတ်လပ်ပါတယ်။ ၄င်းထဲမှာ အင်္ဂလိပ်စာ သက်သက်ဆိုင်ရာ အထူး ထည့်ပေးထားတာ ဘာတစ်ခုမှ မပါရှိပါ။ ဒီတော့ ဒီစက်က အင်္ဂလိပ်စကားနဲ့ ပတ်သက်ပြီး သိထားသမျှကို စက်ထဲမှာ ကုဒ်များအဖြစ် ထည့်ပေးတာပါ။ အဲဒီ အတွေးအခေါ် ကိုယ်နှိုက်ကိုက စိတ်ဝင်စားစရာ အရာပါပဲ။ ကျွန်တော်တို့ဟာ လူသားရဲ့ ဘာသာစကား တစ်ခုလုံးကို ဆော့ဝဲ ပရိုဂရမ်ထဲကို ထည့်ပေးထားခြင်းပဲပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အင်ဂျင် အထဲမှာ ရှိတာကို ၀င်ကြည့်ကြမယ်ဆိုရင် သိပ်ရှုပ်ထွေးလှတာ မဟုတ်ပါဘူး။ အဲဒီ ကုဒ်ဟာသိပ်ကြီး မခဲယဉ်းလှပါ။ ပြီးတော့ ပိုလို့ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က အဲဒီ အင်ဂျင်ထဲက ကုဒ်အများစုဟာ တကယ်ကျတော့ အင်္ဂလိပ်စာ သက်သက်နဲ့ ဆက်စပ် မနေခြင်းပါပဲ။ အဲဒီကနေပြီး ကျနော်တို့ဟာ အခုလို စိတ်ဝင်စားစရာ ကောင်းတဲ့ ယူဆချက်ကို ရလာပါတယ်။ လက်တွေ့မှာ အခုလို အင်ဂျင်တွေကို မတူကြတဲ့ ဘာသာစကား အမျိုးမျိုးအတွက် ဖန်တိုးလို့ ရနိုင်တယ် ဆိုတဲ့ အချက်ပါပဲ ဟင်ဒီလို ပြင်သစ်လို ဂျာမန်လို ဆွာဟီလီလို တီထွင်နိုင်တယ်။ တဖက် အဲဒါက နောက် တစ်ခု စိတ်ဝင်စားစရာကို ပေးပြန်ပါတယ်။ ဥပမာ ကျွန်တော်ဟာ စာရေးသူ တစ်ယောက်ဆိုပါစို့ သတင်းစာ တစ်ခု ဒါမှမဟုတ် မဂ္ဂဇင်း တစ်ခုအတွက် ရေးပေးသူပေါ့ ကျွန်တော်ဟာ ရေးလိုတာကို FreeSpeech ဘာသာစကား တစ်မျိုးတည်းနဲ့ ရေးနိုင်ပါတယ် အဲဒီနောက်မှာ အဲဒီ အကြောင်းအရာကို ရယူသုံးစွဲသူကျတော့ အဲဒီ အချက်အလက်တွေကိုမှ ဖတ်နေသူဟာ သူစိတ်ကြိုက် အင်ဂျင်ကို ရွေးချယ်လိုက်ကာ မိမိ မခင် ဘာသာစကားဖြင့် အဲဒါကိုဖတ်လို့ ရနိုင်ပါတယ် ကိုယ်ရဲ့ တိုင်းရင်းသား ဘာသာစကားနဲ့ ဖတ်နိုင်ပါတယ်။ ကျွန်တော့်အမြင်ထဲမှာ အဲဒါဟာ အရပ်းကို စွဲဆောင်မှုရှိတဲ့ အယူအဆပါပဲပေါ့ အိန္ဒိယနိုင်ငံနဲ့ အထူးကို အံဝင်ဂွင်ကျ ရှိတဲ့ အယူအဆပဲပေါ့။ ကျွန်တော်တို့ဆီမှာ မတူကွဲပြားကြတဲ့ ဘာသာစကားတွေ သိပ်ကို များပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ပတ်သက်ပြီး သိချင်း တစ်ပုဒ် ရှိပါတယ် သီဆိုထားပုံက (သင်္သကရိုက် ဘာသာစကားနဲ့) အဓိပ္ပါယ်ကို ပြောရရင် "တစ်ချိန်လုံး ပြုံးရွှင်စွာ လှပတဲ့ ဘာသာစကားကို ပြောဆိုနေကြသူများရဲ့ နိုင်ငံ ပါပဲ။ ဘာသာစကားဆိုတာ သိပ်ကို လှပါတယ်။ လူသားတို့ ဖန်တီးတီထွင်ခဲ့ကြတာတွေအထဲက အလှဆုံးပဲလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ဦးနှောက်က ဖန်တီးပေးခဲ့သမျှထဲက ချစ်စရာ အကောင်းဆုံး အရာပါ။ အဲဒါဟာ ဖြေဖျော်ပေးတယ် ပညာပေးတယ် ဥာဏ်ကို ပွင့်လင်းလာစေတယ် ဒါပေမဲ့ ဘာသာစကားထဲက ကျွန်တော် အကြိုက်ဆုံး အရာကတော့ ကျွန်တော်တို့ အထဲကို အခွင့်အာဏာတွေကို ထည့်ပေးခြင်းပါပဲ။ အဲဒီအချက်နဲ့အတူ ကျွန်တော်ဟာ ခင်ဗျားတို့ကို ချန်ထားခဲ့ချင်ပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကူလုပ်ကူကြတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေပါ ကျွန်တော်ရဲ့ အစောဆုံး ကူဖေါ်များပါ ကျွန်တော်က ဘာသာစကားနဲ့ ပတ်သက်ပြီး အထီးကျန်ဝေဒနာရှင်တွေ နဲ့ အခြားအရာတွေကို စတင် လေ့လာခဲ့စဉ်တုန်းကပါ။ ကလေးမလေးရဲ့ နာမည်က ပါဝ်နာပါ ပြီးတော့ သူ့အမေရဲ့ နာမည်က ကာလ်ပနာပါ။ အဲဒီ ပါဝ်နာဟာ စွန့်ဦးတီထွင်ရှင်ပါ သူမရဲ့ သမိုင်းဟာ ကျွန်တော့် ထက်ကိုတောင် မှတ်သားစရာပါ ပါဝ်နာဟာ အခု အသက် ၂၃ နှစ်ပါ။ သူမဟာ quadriplegic cerebral palsy ဆိုတဲ့ ရော၈ါ ရှိနေသူပါ သူမ မွေးလာကတည်းက မလှုပ်နိုင် မပြောနိုင်ခဲ့တာပါ။ ဒါကြောင့်မို့လို့ သူ အခုထက်ထိ လုပ်ပြီးနိုင်ခဲ့သမျှ အားလုံးဟာ ကျောင်းပြီးခဲ့ခြင်း ကောလိပ်တက်ခြင်း ကုမ္ပဏီ တစ်ခု စတင်လုပ်ကိုင်ခြင်း ကျွန်တော်နဲ့ အတူ လက်တွဲလျက် Avaz ကို ပြုစုထုတ်လုပ်ခဲ့ခြင်း သူမ လုပ်နိုင်ခဲ့တဲ့ အရာအားလုံးတို့ကို သူ့မျက်စိများရဲ့ လှုပ်ရှားမှုများဖြင့်သာ လုပ်နိုင်ခဲ့တာပါ။ ဒဲနီယယ် ၀က်ဘ်စတား ပြောကြားခဲ့တာ ရှိပါတယ် "ကျွန်တော့်ဆီမှာ ရှိခဲ့သမျှ ပိုင်ဆိုင်မှုတွေ အားလုံးကို ယူလိုက်ခဲ့ကာ ခြွင်းချက် အဖြစ် တစ်ခုကို ရွေးလို့ ရခဲ့သော် ဆက်သွယ်ပြောဆိုရေး အခွင့်အာဏာကိုသာ ကျွန်တော်ရွေးမှာပါ အဲဒါရဲ့ အကူအညီဖြင့် ကျန်တာ အားလုံးကို ကျွန်တော် ပြန်ရယူနိုင်မှာပါ။" တဲ့ ဒီတော့ ဒီလို အံ့သြစရာ ကောင်းကြတဲ့ FreeSpeech ပရိုဂရမ်တွေကို ကျွန်တော့်ရဲ့ အနှစ်ခြိုက်ဆုံးဟာဖြင့် ဒီလိုလူတွေအတွက် မသန်မစွမ်း ကလေးတွေကို ဆက်သွယ် စကားပြောလာနိုင်စွမ်း ရှိလာဖို့အတွက် ဆက်သွယ်ပြောဆိုရေး အခွင့်အာဏာကို တပ်ဆင်ပေးလိုက်ခြင်းဖြင့် သူတို့အနေနှင့် ကျန်တာတွေ အားလုံးကို ရယူနိုင်မယ့် အခွင့်အလမ်းပေးဖို့ကို ကျွန်တော် ကြိုးစား အားထုတ်နေခြင်းပါပဲ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ) ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ ) ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ )